မယ်စဲ့ မတ် ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထ ရရှိစေရေးနှင့် စာကြည့်တိုက်တွင် ဝင်ထွက်သွားလာခြင်းဖြင့် စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာန တို့ ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ၁နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စောဝတ်ရည်က အသိအလိမ္မာတိုးစေသော ဗဟုသုတကို စာပေမှနာယူမှတ်သားနိုင်ကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင် လူမှုဘဝကို သာယာလှပအောင် မြှင့်တင် ဖော်ဆောင် သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး ပါဝင် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်ကို ပြုလုပ်ရာ မြို့နယ်ဦးစီးမှူး နှင့် ကျောင်းသား၊ ကျောင်းသူများက အသံထွက်၍ စာဖတ်ပြခြင်းကို အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ဝတ်ရည်(ပြန်/ဆက်)