ကွတ်ခိုင် မတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ Oriental Highway တိုးဂိတ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့မှတဆင့် ဖြတ်သန်းဝင်ရောက်လာသည့် နယ်စပ်ကုန်သွယ်ကုန်တင် ယာဉ်ကြီးများ၊ ခရီးသွားယာဉ်ပေါ်မှ ခရီးသွားပြည်သူများကိုကျန်းမာရေးစစ်ဆေးခြင်း၊ အဖျားတိုင်းကိရိယာဖြင့် စစ်ဆေးတိုင်းတာခြင်း၊ လက်ကိုသန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်းနှင့် ချောင်းဆိုး၊ နှာချေခြင်းများအတွက် အသိပညာပေးသည့် လုပ်ငန်းများကို ကွတ်ခိုင်မြို့ Oriental Highway တိုးဂိတ်တွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက နေ့စဉ် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာဝင့်ဝင့်မြိုင်က ပြောသည်။
“ကမ္ဘာ့ကပ်ရောဂါအနေနဲ့ ဖြစ်ပွားလျက်ရှိတဲ့ COVID-19ရောဂါကို တုန့်ပြန် ဆောင်ရွက်တဲ့နေရာမှာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို ပြည်သူတွေက ပူးပေါင်းပါဝင်ပြီး စနစ်တကျလိုက်နာဖို့ လိုအပ်ပါတယ်။ နယ်စပ်ဂိတ် တွေမှာ နေ့စဉ် စစ်ဆေးဆောင်ရွက်တာတွေ ရှိပေမယ့် ပိုပြီးစိတ်ချရအောင် ဒီမှာထပ်မံစစ်ဆေးတယ်၊ စစ်ဆေးချက်တွေအရ ယနေ့အထိ သံသယလူနာ မတွေ့ရသေးဘူး”ဟု ဒေါက်တာဝင့်ဝင့်မြိုင်က ရှင်းလင်းပြောကြားသည်။
ကွတ်ခိုင်မြို့နယ်၌ COVID-19ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာတိုင်းတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောခြင်းအပြင် မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း ကြိုတင်ကာကွယ်မှုအတွက် စနစ်တကျပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)