သီပေါ မတ် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဉ်ထွေးက အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်နန်း က သင်တန်းဖွင့်လှစ်ပြီးစီးမှု အပေါ်ရှင်းလင်းသုံးသပ်ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူအသီးသီးက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြရာ သင်တန်းသားများ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက သင်တန်းသားများ၏ ဝါးဖြင့်ပြုလုပ်ထားသော လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ နိုင်ငံခြားဝင်ငွေများရရှိလာစေရန်နှင့် အလုပ်ကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းအား ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ခင်လေး(သီပေါ ပြန်/ဆက်)