မြစ်သား ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးမှ ဦးဆောင် ၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ကျောက်ဆည်ခရိုင်)၏ ၂/၂၀၂၀ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မြစ်သားမြို့နယ်နာယက ဒေါက်တာစိန်ပိုနှင့် ဗဟိုနာယကကြီး ဦးချစ်သောင်းတို့က အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးလှဟန်မှ မန္တလေးတိုင်းအသင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်များမှ မြို့နယ်အလိုက်အသင်း၏ဆောင်ရွက်ချက်များနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးသိန်းလှိုင်မှ ကျောက်ဆည်ခရိုင်ကျန်းမာရေးမှူးအသင်းအကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုနာယက၊ မန္တလေးတိုင်း ဥက္ကဋ္ဌ၊ ကျောက်ဆည်ခရိုင် ဥက္ကဋ္ဌ၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်မြို့နယ် နာယကများနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)