ကျီခါး ဩဂုတ် ၂၃
ချင်းပြည်နယ်၊ ကျီခါးမြို့ အ.မ.က (၂) ကျောင်း၌ ကျောင်းဆောင်သစ်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာအား တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျီခါးမြို့ အ.မ.က ကျောင်းဆောင်၌ JiCA ထောက်ပံ့မှုဖြင့် စာသင်ဆောင်(၁)ဆောင်၊ ၀န်ထမ်းအိမ်ရာ၊ ကျောင်းအိမ်သာနှင့် ကျောင်းသုံးရေကန်တို့ကို ဆောက်လုပ်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် မြေနေရာတိုင်းတာစစ်ဆေးခြင်းကို တွန်ဇံမြို့နယ်ပညာရေးမှူး ဦးထန်ရှင်းမုန်ဦးဆောင်သည့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ Myanmar Fukken Co.,LTD မှ အဖွဲ့ခေါင်းဆောင် ဦးကြည်သွင်နှင်အဖွဲ့ဝင်များ လာရောက် ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ပြီး အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ကျီခါးမြို့ အ.မ.က(၂)ကျောင်းသည် မြို့နယ်အတွင်းရှိ အ.မ.ကကျောင်းများအနက် ကျောင်းသား၊ ကျောင်းသူဦးရေ ဒုတိယအများဆုံးအဖြစ် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦး (၁၁၇)ဦးရှိသဖြင့် စာသင်ဆောင်မလုံလောက်သည့် အခက်အခဲနှင့်ရင်ဆိုင်ခဲ့ရပြီး ယခုစာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာအား JiCA ထောက်ပံ့ငွေ ဖြင့်ဆောက်လုပ်ခွင့်ရရှိခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနှင့်ရပ်ဝေးမှ တာဝန်လာရောက် ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအတွက် မိသားစုနေထိုင်ရေးများ ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန် (ပြန်/ဆက်)