မြင်းခြံမြို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရုံးတွင် “ပဲစင်းငုံသီးနှံနှင့် နှံစားပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ

မြင်းခြံ    ဩဂုတ်   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံစိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် Syngenta Foundation တို့ ပူးပေါင်းကျင်းပသော ပဲစင်းငုံသီးနှံနှင့် နှံစား ပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန့်လွင်ဦး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းအေးနှင့် မြင်းခြံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက် တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ပဲစင်းငုံသီးနှံနှင့် နှံစားပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့က နှံစားပြောင်းနှင့် ဆတ်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်းကို လည်းကောင်း၊ ပဲစင်းငုံသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်းကို လည်းကောင်း၊ ပဲစင်းငုံသီးနှံ၏ တန်ဘိုးမြှင့်ထုတ်ကုန် ပြုလုပ်ခြင်းအကြောင်းကို လည်းကောင်း၊ နှံစားပြောင်းသီးနှံ၏ တန်ဘိုးမြှင့် ထုတ်ကုန်ပြုလုပ်ခြင်း အကြောင်းကိုလည်းကောင်း၊ မျိုးသစ်၊ မျိုးဆန်း၊ မျိုးမှန်၊ မျိုးသန့်များကို သုံးစွဲနိုင်ရေးနှင့် ဒေသမျိုးများထိန်းသိမ်းရေး အထောက်အကူပြုဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အကြောင်းကို လည်းကောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသော တောင်သူကြီးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ က ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပဲစင်းငုံသီးနှံနှင့် နှံစားပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲသို့ မြင်းခြံမြို့နယ်အတွင်းရှိ တောင်သူများ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                                 

ကျော်စွာ(မြင်းခြံ)