မိုင်းတုံ ဩဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းများ ပြည်စုံမှန်ကန်ရေးနှင့် မဲဆန္ဒရှင်စာရင်းများလွဲမှားမှုမရှိစေရန် အိမ်ထောင်စုစာရင်းများနှင့် တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြို့နယ်လုံးကျွတ် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးနေအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကောမရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများပါဝင်သော အဖွဲ့ငယ်များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၂၀)အုပ်စုရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ လွဲမှားမှုမရှိစေရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ လွှဲမှားမှုမဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းအဖွဲ့ငယ် များဖြင့် ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ပထမအပတ်အပြီး ကွင်းဆင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ)