ရွှေကူ မတ် ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရွှေကူမြို့နယ် မဏိဩ ဂကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးက ရွှေကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ကျေးရွာချင်းဆက်လမ်းများ၊ တံတား တည်ဆောက်မှုများနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ကျေးရွာနေပြည်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးရွာ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းမှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက ကျေးရွာနေပြည်သူများအား ရေကောင်းရေသန့်ရရှိရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် Super Frequency ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ရွှေကူမြို့နယ် တိန်းဟွန်း-မဏိဩဂ-ဘိုကုန်း- သပြေလှကျေးရွာချင်း ဆက်လမ်းပေါ်တွင် ကွန်ကရစ်တံတား ၃ စင်း တည်ဆောက်သည့်အခြေအနေများကိုလည်းကောင်း၊ လှိုင်ရတီထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တိန်းဟွန်း-ကုန်းနု-မဏိဩဂ-ဘိုကုန်း-သပြေလှ ကျေးရွာချင်းဆက်လမ်း မြေသားတာဘောင်မြှင့်တင်ခြင်း လုပ်ငန်း အခြေအနေများကို လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ တိန်းဟွန်း-သရက်ကုန်း လမ်းပေါ်ရှိ တိန်းဟွန်းရွာ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း အခြေအနေများကို လည်းကောင်း၊ ရွှေကူမြို့နယ် မြောက်ရွာကုန်းဆင်းမှ ရွှေဘုံသာကျေးရွာချင်းဆက် လမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးက တာဝန်ရှိသူများအား လိုအပ်သည်များ မှာ ကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)