ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေဘေးနှင့်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

ဖျာပုံ    သြဂုတ်   ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေဘေးနှင့်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစိုးဝင်း က "ဖျာပုံခရိုင်အတွင်း ပင်လယ်ဒီရေမြင့်တက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အဆောက်အဦများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပေးလျှက်ရှိပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း သဘာဝဘေးကြောင့် ဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးခဲ့လျှင် (၅)သောင်းကျပ်၊ လူနေအိမ်အမိုးလန်ပျက်စီးခဲ့လျင် (၅)သောင်းကျပ်၊ ပင်လယ်ဒီရေမြင့်တက်မှုကြောင့် မြေနေရာများကမ်းပြိုကာ နေအိမ်ပျက်စီးသူများအား မြေကွက်အတွက် တစ်ကွက်လျင် (၁)သိန်း(၂)သောင်းကျပ်နှင့် အိမ်ထောင်စု (၁)စုလျင် (၅)သောင်းကျပ်ကို ထပ်မံထောက်ပံ့ပေးမည်ဖြစ်ရာ၊ ဖျာပုံခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ လူနေအိမ်တစ်လုံး၊ ပင်လယ်ဒီရေကြောင့် ကမ်းပြိုအိမ်ထောင်စု (၂၀)စုနှင့် မြေကွက်(၁၀)ကွက်အတွက် စုစုပေါင်း၊ ထောက်ပံ့လှူဒါန်းငွေ (၂၃)သိန်းတိတိအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြာင်း" ပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ​ဒေါက်တာ စိုးဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက၊ လေဘေးနှင့်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး၊ ထောက်ပံ့ငွေလက်ခံရရှိသူများ၏ ကိုယ်စား နောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင် (ခရိုင်၊ ပြန်/ဆက်)