မိုင်းယောင်း ဩဂုတ် ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဈေးသည်များ နှာခေါင်းစည်း တပ်ဆင်ရောင်းဝယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီမှ ယနေ့နံနက်ပိုင်း က မြို့မဈေး၌ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ စည်ပင်သာယာရေးဌာနမှ အဖွဲ့အမှုဆောင်အရာရှိ ဦးအားထူယာ၊ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မြို့မဈေးအတွင်း ဈေးသည်များအနေနှင့် နှာခေါင်းစည်းများတပ်ဆင်၍ ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရန် ဆွေးနွေးပြောကြားပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာသူ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း