တနင်္သာရီ ဩဂုတ် ၂၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်အတွင်းရှိ ပထမအကြိမ် မဲစာရင်းများမှ ကွက်လပ်များကို ပြန်လည်ဖြည့်ဆည်းနိုင်ရေးအတွက် ယမနန်နေ့ က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်၊ ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စည်ဖြိုး၊ ရာအိမ်မှူး ဦးမြင့်ကို၊ စာရေးဝန်ထမ်း နော်ဝင့်ဝါဖြိုး တို့လိုက်ပါလျက် မဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုများအား အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ မဲစာရင်းများတိုက်ဆိုင် စစ်ဆေးရာတွင် (ပထမ)အကြိမ်၊ မဲစာရင်းများကြေငြာရာမှာ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် အမည်စာရင်းတွင် ကွက်လပ်ကျန်ရှိမှုများကို အပြည့်အစုံမှန်ကန်စွာ ပြင်ဆင်ဖြည့်ဆည်းခြင်း၊ မဲစာရင်းတွင်အမည်မပါရှိသေးပါက စာရင်းအသစ်ကောက်ယူခြင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများလည်း မိမိတာဝန်ကျရာ ရပ်ကွက်/ကျေးရွာများသို့ ယခုကဲ့သို့ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိန်ဝင်း(ပြန်/ဆက်)