ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး မိုင်းဆတ်မြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မိုင်းဆတ် မတ် ၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မယ်နင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့်ပြည်သူပူးပေါင်းဆောင်ရွက်ပါက ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်း၊ ရပ်ရွာသန့်ရှင်းသာယာလှပရေးအရေးကြီးကြောင်းနှင့် မိမိတို့ တိုင်းရင်းသားစာပေအပြင် အခြားစာပေများအားလည်း တတ်မြောက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မယ်နင်ကျေးရွာအုပ်စုအတွင်းရှိ ကာနကျေးရွာ၊ နောင်ဖာကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ (၅) မိုင်ကျေးရွာနှင့် မယ်နင်ကျေးရွာတို့မှ ဒေသခံများက မီးတိုင်ရရှိရေး၊ မီးလင်းရေး၊ ကျေးရွာ အတွင်း လျှပ်စစ်မီးကြိုးများသွယ်တန်းပေးရေးနှင့် ကျေးရွာတွင်းလမ်းများ ကောင်းမွန်ရေး ကိစ္စ များကို တင်ပြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ပြန်လည်ဖြေရှင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မယ်နင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

မြင့်မောင်(ပြန်/ဆက်)