မန္တလေးတောင်တော်ပေါ်သို့ တက်ရောက်ခွင့် ရက်အကန့်သတ်မရှိ ပိတ်ပင်ထား

မန္တလေး ဩဂုတ် ၂၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတောင်တော်ပေါ်သို့ တက်ရောက်ခွင့်ကို ယမန်နေ့က စတင်၍ ရက်အကန့်သတ်မရှိ ပိတ်ပင်ထားကြောင်း သိရသည်။

မန္တလေးတောင်တော်ပေါ်သို့ တက်ရောက်ခြင်းကို လုံးဝ(လုံးဝ) ခွင့်မပြုကြောင်းကို မန္တလေးတောင် တော် စောင့်ရှောက်ရေး ဆရာတော်များနှင့် မန္တလေးတောင်တော် ဂေါပကအဖွဲ့တို့က တောင်တော်တက်လမ်းထိပ်တွင် ကြော်ငြာဘုတ်ဖြင့်ကြော်ငြာထားကြောင်း သိရသည်။​ ထို့အပြင် မန္တလေးတောင်တော်ပေါ်သို့ စက်ဘီးဖြင့်သော်လည်းကောင်း၊ ခြေလျင်လမ်းလျှောက်၍ သော်လည်းကောင်း တက်ရောက်၍ အားကစားလုပ်ခြင်းများကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်းကိုလည်း အသိပေးမေတ္တာရပ်ခံချက် ကြော်ငြာဘုတ်ဖြင့် ထုတ်ပြန်ကြေညာ ထားသည်။

အလားတူ မန္တလေးကျုံးဘေး ပလက်ဖောင်းများတွင် အများပြည်သူ အပန်းဖြေ အနားယူခြင်းများနှင့် ကျုံးဘေးတွင် တပ်ဆင်ထားသော အားကစားပစ္စည်းများကို အသုံးပြု၍ ကျန်းမာရေးအတွက် ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကိုလည်း ဩဂုတ် ၂၂ ရက် ညနေပိုင်းက စတင်၍ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)