ကျောင်းကုန်းမြို့ လူစည်ကားရာမြို့မဈေးတွင် နှာခေါင်းစည်း၂၀၀၀ ဖြန့်ဝေပေး

ကျောင်းကုန်း  ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေး ကြီးအနီးတွင် ယနေ့ နံနက်ပိုင်းတွင် နှာခေါင်းစည်း(၂၀၀၀)အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

တက်နိုင်သရွေ့ နေအိမ်ပြင်ပထွက်ခွာ ခြင်းမပြုကြရန်၊ လူအများစုဝေးရာနေရာသို့ မသွားရန်၊  မဖြစ်မနေပြင်ပထွက်ခွာပါက mask တပ်ရန်၊ ပြင်ပမှပြန်လာပြီးတိုင်း လက်ကိုစက္ကန့် ၂၀ ကြာဆပ်ပြာဖြင့် ဆေးကြောရန်၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် နေ့စဉ်တစ်နေ့ (၅) ကြိမ် အသိပေးကြေညာပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။

ယခုရက်ပိုင်းတွင်ရခိုင်ပြည်နယ် စစ်တွေမြို့၌  ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြန်ဆန်လာရာ ဒုတိယ လှိုင်းအဖြစ် ပြည်သူများစိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျှက်ရှိသဖြင့် မိမိတို့နေအိမ်ပြင်ပ ထွက်ပါက Mask နှာခေါင်းစည်း တပ်ဆင်ပြီးမှသွားလာကြရန် လိုအပ်ပါကြောင်း၊ နှာခေါင်းစည်း မတပ်သူများအား ဒဏ်ရိုက်ပြီး သတိပေးသွားမည်ဟု မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှသိရသည်။

ပြည်သူများနေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက နှာခေါင်းစည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)