ကျုံပျော် သြဂုတ် ၂၄
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် လိုက်လံအသိပေးခြင်းကို ယမန်နေ့တွင် လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကျုံပျော်မြို့အတွင်းရှိ Mask၊ Hand Gels နှင့် အရက်ပြန် ရောင်းချသည့်ဆိုင်များသို့ သွားရောက်ကာ အဆိုပါ ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မှုတို့အား သိရှိနိုင်ရန် အသိပေးဆောင်ရွက်ခဲ့သည်။
ယခင်ရက်များက Mask ရောင်းဝယ်မှု ဈေးကွက် အေးခဲ့သော်လည်း ယခုရက်ပိုင်း ဝယ်လိုမှု မြင့်တက်လာသောကြောင့်၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် ယခုကဲ့သို့ အသိပေးခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရေးကြီး ကုန်စည်များအဖြစ်သတ် မှတ်ထားသည့် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို ဈေး ကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများဆောင်ရွက်နေသည်ကို စီစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းထံမှ သိရသည်။
လက်ရှိ ကျုံပျော်မြို့နယ်ရှိ ပြည်သူများအနေဖြင့် တရုတ်နိုင်ငံမှလာသော သုံးလွှာ Mask များ အပြင် နိုင်ငံတွင်း၊ဒေသတွင်း ချုပ်လုပ်သည့် Mask များကိုလည်း ရောင်းဝယ် တပ်ဆင်ခြင်းများ ဆောင်ရွက်ကြကြောင်း၊ ယခင်ရက်က နေအိမ်ပြင်ပသွားလာသူများတွင် Mask တပ်ဆင်မှု နည်းပါးခဲ့သော်လည်း ယခုရက်ပိုင်း Mask တပ်ဆင်မှု ပြန်လည်များပြားလာသည်ကို တွေ့ရကြောင်းဖြင့် သိရသည်။
နေဝင်းမြင့် (ကျုံပျော်)