ကိုရိုနာဗိုင်းရပ်(စ်)ရောဂါထောက်လှမ်းရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအတွက် မိုးညှင်းခရိုင် ဆေးရုံတွင် သီးသန့်လူနာခန်း ကြိုတင်ပြင်ဆင်ထားရှိ

မိုးညှင်း မတ် ၁၈

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် ရောဂါဖြစ်ပွားမှု မရှိသေးသည့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မိုးညှင်းခရိုင်ရှိ ကုတင် (၁၀၀)ဆံ့ဆေးရုံတွင်လည်း အဆိုပါ ရောဂါ ထောက်လှမ်းရေးနှင့် တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သီးသန့်လူနာခန်းအပါအဝင် ဆေးရုံသုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ယခုလ ၁၅ ရက်နေ့တွင် ပြောကြားသည်။

“ကျွန်တော်တို့ ပြည်သူ့ဆေးရုံအနေနဲ့ ရောဂါထောက်လှမ်းရေးနဲ့ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီစဉ်မှုအနေနဲ့ သီးသန့်ခန်းကို ဖွင့်လှစ်ထားတယ်၊ ဒီထဲမှာ ဒီရောဂါနဲ့ပတ်သက်ပြီးဆောင်ရွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ရှိတယ်၊ ဒီပစ္စည်းတွေကိုလည်း သီးသန့်ထားတယ်၊ ဒါက ရောဂါသံသယရှိတဲ့လူနာတွေကို သီးသန့်ထားဖို့ ပြင်ဆင်ထားတယ်”ဟု ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော် ဆေးရုံတွင် သီးသန့်လူနာခန်းထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

အဆိုပါ သီးသန့်လူနာခန်းတွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရှိမှုနှင့်ပတ်သက်၍ “ဝန်ထမ်းတွေကို ၁၅ ရက် တစ်ဆိုင်းနှုန်းနဲ့ (၆) လစာဝန်ထမ်းတွေကို တာဝန်ချထားပြီးပြီ၊ အကယ်၍ရောဂါတအားပြင်းထန်မယ်ဆိုရင် မြစ်ကြီးနားဆေးရုံကို ပို့ဖို့ လူနာတင်ယာဉ်တွေလည်း စီစဉ်ဆောင်ရွက် ထားတယ်” ဟု ဆေးရုံအုပ်ကြီးက ဆက်လက် ပြောကြားသည်။

မိုးညှင်းခရိုင် ကုတင် (၁၀၀)ဆံ့ဆေးရုံတွင် လက်ရှိအချိန်အထိ အဆိုပါရောဂါနှင့်ပတ်သက်၍ သံသယလူနာတစ်ဦးတစ်ယောက်မှမရှိသေးကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သည့်သတင်းနှင့် အသိပေး ကြေညာချက် များကို လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ကျော်က ပြောကြားသည်။

ကျော်ကျော်ထွေး(မိုးညှင်း)