နမ့်စန်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားမည်

နမ့်စန်(တ)  မတ်  ၆

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများ နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချ တတ်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်၊ မြန်မာ့သိုင်းနှင့် ဘော်လီဘော အားကစားနည်းများကို မြို့နယ်အားကစားရုံတွင်လည်းကောင်း ၊ ဘောလုံးအားကစားနည်းကို မြို့နယ် အားကစားကွင်းတွင် လည်းကောင်း၊ မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းနှင့် ပတ်သက်၍ အများပြည်သူများ သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လူစည်ကားရာ လမ်းဆုံနေရာများတွင် ဗီနိုင်းများ ကပ်၍ ကြော်ငြာထားပေးပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မိမိတို့သင်ကြားလိုသည့် အားကစားနည်းအလိုက်ကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)