မအူပင် သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေမှူး ဦးသန်းဆွေဝင်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ခရိုင်/ မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်းရှိ အမှတ်(၁၁) ရပ်ကွက် နှင့် ညောင်ဝိုင်းကျေးရွာသို့ သွားရောက်ပြီး ရွေးကောက်ပွဲကာလအတွင်း မဲရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည် များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်း မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မအူပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ ခရိုင်/ မြို့နယ်ကော်မရှင်အဖွဲခွဲ ဥက္ကဌနှင့်တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရသည်။
အောင်ခိုင်(မအူပင်)