ရှားတောမြို့၌ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှု လျော့နည်းပပျောက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ

ရှားတော  မတ်  ၆

ကယားပြည်နယ်၊ ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ သဘာဝသစ်တော သယံဇာတပြုန်းတီးမှု လျော့နည်းစေရန်နှင့် ဒေသရေမြေနှင့် လိုက်လျောညီထွေသည့် ရာသီဥတုရရှိစေရန် ရည်ရွယ်၍ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှု လျော့နည်းပပျောက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးရန်နိုင်မောင် က အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မြေအသုံးချတာဝန်ခံ ဒေါ်မာမာတင့် က ရွှေ့ပြောင်းတောင်ယာစနစ်အစား ဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေသည့် အလားအလာရှိသည့် တောင်စောင်း စိုက်ပျိုးရေးစနစ် အကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူး ဦးမင်းလင်းနိုင် က ရွှေ့ပြောင်းတောင်ယာ စနစ်ကြောင့် သစ်တောပြုန်းတီးမှုမရှိစေရေး သီးနှံ သစ်တော ရောနှောစိုက်ခင်းအကြောင်း ဆွေးနွေးပြောကြားပြီး ကယားပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဇော်လင်း က လယ်ယာသုံးတက် ကိရိယာများ ဝယ်ယူသုံးစွဲရေး ရောင်းချပေးမည့် အစီအစဉ်ကို ဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး မေးမြန်းဆွေးနွေးမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။

ယင်းအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်၊ ကယားပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်မြေအသုံးချတာဝန်ခံ ဒေါ်မာမာတင့်၊ သစ်တောဦးစီးဌာန လွိုင်ကော်ခရိုင်ဦးစီးမှူး ဦးမင်းလင်းနိုင်၊  ကယားပြည်နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်း၊ ဌာန ဆိုင်ရာများ၊ တောင်သူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)