ဒီးမော့ဆို မြို့မစျေးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒီးမော့ဆို၊မတ် ၁၈

ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီခွဲက ဒီးမော့ဆိုမြို့မစျေး၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များကို စျေးအတွင်းရှိ ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)