တုံတာ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေးအတွက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သစ္စာ စီမံချက် ဖြင့် တုံတာမြို့ရှိ ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင်ထည့်သွင်းရမည့် အချက်အလက် ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လိုအပ်ချက်မဖြစ်ပေါ်စေရေး သစ္စာစီမံချက်ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယ လူဝင်မှု ကြီးကြပ်ရေးမှူး ဦးစိုင်းလုံတစ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် စာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တုံတာမြို့တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)အုပ်စုရှိပြီး အသက် (၁၈)နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၂၇၀)ဦးအား နိုင်ငံသားကတ်ပြားရရှိရေး ဆောင်ရွက် ပေး ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော ကျေးရွာအုပ်စုများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)