မက်မန်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ညနေ (၃)နာရီအချိန် က ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်း စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းပြီး မက်မန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းမဲစာရင်းများကို တိုက်ဆိုင် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆန္ဒမဲစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပထမအကြိမ် ထုတ်ပြန် ထားသော စာရင်းတွင်ပါဝင်ခြင်းမရှိသူများ ပါဝင်လာစေရေး၊ တစ်ခြားမြို့နယ်မှ ပြန်လည်ရောက်ရှိလာသူများ ထည့်သွင်းနိုင်ရေး၊ အမည်လွှဲမှားမှု မရှိစေရေးအတွက် အဓိကဦးတည်တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မက်မန်းမြို့နယ်သည် မဲဆန္ဒနယ်အမှတ်(၁)တွင် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆) အုပ်စု ပါဝင်ပြီး မဲရုံပေါင်း (၂၂)ရုံနှင့် မဲဆန္ဒနယ်အမှတ်(၂)တွင် ရပ်ကွက် (၁)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) အုပ်စု မဲရုံပေါင်း(၂၁)ရုံဖြင့် တစ်မြို့နယ်လုံး မဲရုံးပေါင်း(၄၃)ရုံ ဖွင့်လှစ်ရန်လျာထားပြီး အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းအရ (၁၁၂၈၆)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
မက်မန်း(ပြန်/ဆက်)