ညောင်ရွှေမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိရေး အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေး

ညောင်ရွှေ   ဩဂုတ်  ၂၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များနှင့် အတူ မဲဆန္ဒရှင်စာရင်းမှန်ကန်မှု ရှိစေရေးနှင့် မဲဆန္ဒရှင်များကျန်ရှိမှု မရှိစေရေးတို့အတွက် အိမ်တိုင်ရာရောက်မဲစာရင်းများကို တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။

ညောင်ရွှေမြို့နယ်၌ မဲဆန္ဒနယ်အမှတ်(၁)တွင် ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄) အုပ်စု၊ လျာထားမဲရုံပေါင်း (၇၁)ရုံနှင့် မဲဆန္ဒနယ်အမှတ်(၂)တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၀)အုပ်စု၊ လျာထားမဲရုံပေါင်း (၇၂)ရုံရှိကြောင်း သိရသည်။

နေမျိုးသူရိန်