တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံမှုများဖြစ်သောကြောင့် နုံးနှင့်အမှိုက်များ ဖယ်ရှားရှင်းလင်း

တာချီလိတ်   ဩဂုတ်  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့တွင်းရေလျှံမှုများဖြစ်ပေါ်ကာ စည်ပင်သာယာရေးဌာနမှ အမှိုက်များနှင့်နုံးများကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းသဖြင့် ဝမ်ကောင်းရပ်ကွက်တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော နန့်ယွန်းချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တံတားနှင့်လမ်းမကြီးပေါ်၌ ရေကျော်မှုများ ဖြစ်ပေါ်ခဲ့ရာ စည်ပင်သာယာရေးဌာနမှ အချိန်နှင့်တစ်ပြေးညီ ညတွင်းချင်းသွားရောက်၍ ရေကျော်ခြင်း ရေလျှံခြင်းမဖြစ်ပေါ်စေရေးအတွက် အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်း ခဲ့ရကြောင်းသိရသည်။

ထို့နောက် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများသည် ယနေ့မနက် ၇ နာရီအချိန်၌ နန့်ယွန်းချောင်းတစ်လျှောက် အမှိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ရေကျော်မှုကြောင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် တင်ကျန်နေသောနုံးများကို ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေပိုက်ဖြင့်ဆေးကြောခြင်းများ ဆောင်ရွက်ခဲ့ကြရာ ရေနုတ်မြောင်းများတွင် အမှိုက်နှင့်နုံးများ ဆယ်ယူရှင်းလင်းခြင်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)