ကျိုင်းတုံမြို့၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပ

ကျိုင်းတုံ   ဩဂုတ်   ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားလုပ်ငန်းစဉ်မှာ ကျန်းမာရေးနှင့်အဟာရကဏ္ဍ၊ ရေကောင်းရေသန့်ရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍ လုပ်ငန်းအစီအစဉ်များကို ကလေးသူငယ်များအကျိုးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ပတ်သက်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)