မိုင်းဖြတ် သြဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး (RS to CS) မျိုးစေ့ထုတ် စိုက်ပျိုးမှုကို ဧက(၅၀)ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီ က နားမွန်းကျေးရွာရှိ တောင်သူဦးစိုင်းဆေထ ၏ ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်း၌ ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် ဝန်ထမ်းများ၊ တောင်သူ ဦးသန်းလွင် တို့က လက်တွေ့အသိပညာပေးခြင်းနှင့် မျိုးကွဲနှုတ်ပယ်ခြင်း လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
“မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းမှာ စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့်ရရှိရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းအားလုံး စပါးပင်သက်တမ်းအလိုက် ၃ ကြိမ် ဆောင်ရွက်မည်ဖြစ်ပြီး ယခုတစ်ကြိမ်သည် ပထမအကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းကို တောင်သူ ၁၉ဦးနှင့် ဧက ၅၀ကို စိုက်ပျိုးထားရှိကြောင်း၊ မိုင်းဖြတ်မြို့နယ်တွင် လယ်ယာစိုက်ပျိုးမြေ ၉၅၀၀ ဧက ခန့်ရှိပြီး ဆင်းဧကရီ-၃ စပါးမျိုးကို ၇၀ရာခိုင်နှုန်းခန့် စိုက်ပျိုးကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင် ထံမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)