မိုင်းယုမြို့၌ ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများသို့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

မိုင်းယု    ဩဂုတ်  ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့သည် ယနေ့က တစ်အိမ်တက်/ဆင်းစနစ်ဖြင့် ကျန်ရှိနေသေး သည့် ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှု မရှိစေရေးအတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများနှင့် ရပ်ကျေးစာရေးတို့က ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအထိ ကွင်းဆင်းပြီး တစ်အိမ်တက်/ဆင်း စနစ်ဖြင့် ဆန္ဒမဲစာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိနှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲစာရင်းတွင် ပါ/မပါ စစ်ဆေးခြင်း၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး၊ မဲစာရင်းတွင် အမည်မပါဝင်သူများကိုလည်း အမြန်လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်နေပါက အချိန်မီပယ်ဖျက်နိုင်ရေးတို့အတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ အချိန်မီ ပြီးစီးနိုင်ရန် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)