မိုင်းယန်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် သစ္စာစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန် က မိုင်းလွေကျေးရွာအုပ်စု လောင်ကျန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားကတ်များ ပေးအပ်မှုဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းထက် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေ က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း ထည့် သွင်းရာတွင် လိုအပ်သောအချက်အလက်ဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် သစ္စာစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များနှင့် သက်ဆိုင်ရာကျေးရွာအုပ်စုဝင် တောင်ပေါ်ဒေသကျေးရွာများသို့ ဇူလိုင်လမှစ၍ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားကတ် မရရှိသေးသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်း၍ စာရင်းကောက်ယူကာ ဆောင်ရွက် ပေးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျား(၄၀)ဦး၊ မ(၃၇)ဦး စုစုပေါင်း (၇၇)ဦးတို့၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သက်ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)