ကွတ်ခိုင်မြို့နယ်အတွင်း ပြီးပြည့်စုံမှန်ကန်သော မဲစာရင်းများဖြစ်စေရေး တစ်အိမ်တက်/ဆင်း တိုက်ဆိုင်စစ်ဆေး

ကွတ်ခိုင်   ဩဂုတ်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း က စ၍ တစ်အိမ်တက်/ဆင်း တိုက်ဆိုင်စစ်ဆေးလျက် ရှိသည်။

“မဲပေးပိုင်ခွင့်ရှိသူအားလုံးအနေနဲ့ မဲပေးခွင့်မဆုံးရှုံးစေဖို့နဲ့ ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေ တိကျမှန်ကန်စေ ဖို့အတွက် ရပ်ကွက်တိုင်းက ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက မနေ့ကနေစပြီး ရပ်ကွက်အတွင်း တစ်အိမ်တက်/ဆင်း လိုက်လံ တိုက်ဆိုင်စစ်ဆေးနေသလို ကျေးရွာက ဥက္ကဋ္ဌနဲ့ ရပ်ကျေးစာရေးတွေကလည်း သက်ဆိုင်ရာ ကျေးရွာ တွေမှာ တိုက်ဆိုင်စစ်ဆေးသွားပါမယ်လို့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန် က ပြောသည်။

ကွတ်ခိုင်မြို့နယ်ရှိ မဲဆန္ဒနယ်အမှတ်(၁)နှင့် (၂)တို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း (၈၄)အုပ်စုရှိပြီး မဲရုံပေါင်း(၁၃၄)ရုံ လျာထားသည်။ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၁၂၇၄၈၃)ဦး  ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ကိုမိုင်း(ပြန်/ဆက်)