မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးထိခိုက်မှု ကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ်တောင်သူများကို ထောက်ပံ့ငွေသိန်းပေါင်း (၄၁)သိန်းကျော် ထောက်ပံ့ပေးအပ်

မူဆယ်     ဩဂုတ်   ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးထိခိုက်မှု ကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ်တောင်သူစုစုပေါင်း (၂၁)ဦးအား စိုက်ဧက(၅၀)စာအတွက် မျိုးစေ့ဖိုးနှင့် စိုက်စရိတ် ထောက်ပံ့ငွေစုစုပေါင်း (၄၁)သိန်းကျော်အား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန် က မူဆယ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတဲ့အတွက် စိုက်ပျိုးရေးတောင်သူတွေ ထိခိုက်နစ်နာမှုတွေ ဖြစ်ပွားခဲ့ပါတယ်၊ နိုင်ငံတော်အစိုးရက ချမှတ်ဆောင်ရွက်တဲ့ (CERP) စီးပွားရေးထိခိုက်မှု ကုစားရေးစီမံချက်အရ မူဆယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ထုတ်လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်၊ တောင်သူတွေ အနေနဲ့ နည်းလမ်းတကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ တိုးပွားရုံတင်မက အထွက်နှုန်းတွေလည်း တိုးတက်လာပြီး ဝင်ငွေတွေလည်းပိုမိုရရှိလာမှာ ဖြစ်ပါတယ် လို့ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းအောင် က တောင်သူများအတွက် ဝင်ငွေတိုးပွားလာမည့်အကြောင်းကို ပြောကြားသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန် တို့က မျိုးစေ့ထုတ်တောင်သူများအား အမှာစကားအသီးသီးပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန် က (CERP) အစီအစဉ်အရ ထောက်ပံ့ငွေပေးအပ်မှု အခြေအနေကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး က မျိုးစေ့ထုတ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေကိုပြောကြားပြီး ရှမ်းပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)