နမ့်စန်(တ) ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်းရှိ အသက် (၉) နှစ် မှ (၁၀)နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က တစ်နိုင်ငံလုံးစီမံချက်ဖြင့် ဆောင်ရွက်နေသည့် HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းကို နမ့်စန်မြို့နယ်တွင် ပထမအကြိမ် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ မှ ၂၀၁၁ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် အသက်(၉) နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးများကို ကာကွယ်ဆေးထိုးပေး နိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများရှိ ကျန်းမာရေး ဆရာမများက စာရင်းများ လိုက်လံကွင်းဆင်း ကောက်ယူလျှက်ရှိပြီး လက်ရှိစာရင်းကောက်ယူမှုအရ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စုစုပေါင်း ၁၈၃၂ ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သူရအောင်(ပြန်/ဆက်)