နောင်တရား ဩဂုတ် ၂၅
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၊ အောင်ပန်း-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတလျှောက် ဖြတ်သန်း သွားလာ နေသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် အိမ်သုံးယာဉ်များတွင် လိုက်ပါစီးနှင်းသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးနှာခေါင်းစည်းများ စနစ်တကျတပ်ဆင်အသုံးပြုကြစေရန် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုလမ်းမကြီး တလျှောက်၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၌ နှာခေါင်းစည်းတပ်ဆင်မှု မရှိသည့် ပြည်သူများအား နှာခေါင်းစည်းတစ်ခုလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူအသုံးပြုစေခြင်းဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အပြင်သွားလျှင်စနစ်တကျ နှာခေါင်းစည်းတပ်ဆင်အသုံးပြုစေရေး ပညာပေးလုပ်ငန်းများကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ က အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)