မိုင်းယောင်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိရေးနှင့် မဲဆန္ဒရှင်စာရင်းကျန်ရှိမှု မရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်း မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ကျန်ရှိနေသေးသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ယနေ့က အိမ်တိုင်ရာရောက် စစ်ဆေးသည့်စနစ်ဖြင့် ဆက်လက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်း မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲမှူး မျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေးတို့ပါဝင်သည့် အဖွဲ့ရှစ်ဖွဲ့တို့က ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုအလိုက် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးလျက်ရှိသည်။
ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရာတွင် အသက်(၁၈)နှစ် ပြည့်သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရရှိရေးနှင့် ဆန္ဒမဲစာရင်းပါ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ ကျန်ရှိသူများကို ပုံစံ(၃-က)ဖြင့် လည်းကောင်း၊ မဲစာရင်း၌ မိမိအမည် မပါဝင်သူများကို ပုံစံ(၃)ဖြင့်လည်းကောင်း လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်မှုကို ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက် မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေးအတွက် အိမ်တိုင်ရာရောက် သွားရောက်ကာ အိမ်ထောင်စုအလိုက် တစ်ဦးချင်းအမည်ခေါ်စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မိုင်းယောင်းမြို့နယ်အတွင်း မိုင်းယောင်းနှင့် မိုင်းယုအပါအဝင် ရက်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၁၂)ခု၌ မဲရုံပေါင်း ၆၈ ရုံဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)