မိုးနဲမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

မိုးနဲ  သြဂုတ်  ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Access to Health ရန်ပုံငွေဖြင့် မာရီစတုပ် (စ်)မြန်မာနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန် က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန် က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြုလုပ်ရခြင်းနှင့် အာဟာရအကြောင်း သိကောင်းစရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေး ဟောပြောပြီး တက်ရောက်လာသော ကျောင်းသား/သူများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ က သိရှိလိုသောအချက်များကို မေးမြန်းကြရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး က ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဗဟုသုတ ဆန်းစစ်ချက်ရေးဖြေတွင် ထူးချွန်ဆုရရှိကြသော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်း (၁၀)ဦးတို့အား  အာဟာရပစ္စည်းများ ထောက်ပံ့ပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ အသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မာရီစတုပ်(စ်) မြန်မာမှ ဒေါက်တာဖြိုးသူအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကိုယ်ဝန်ဆောင်မိခင် လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)