မိုးနဲ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တစ်အိမ် တက်/ဆင်း အိမ်တိုင်ရာရောက် မဲစာရင်းကောက်ယူရေးအဖွဲ့များက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိကျေးရွာများသို့ ယနေ့နံနက်ပိုင်း က သက်ဆိုင်ရာအုပ်စုတာဝန်ခံများ က ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲစာရင်းကောက်ယူရေးအဖွဲ့ဝင်များသည် တစ်အိမ်တက်/ဆင်း အိမ်တိုင်ရာရောက် သွားရောက်၍ ပထမအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်ဦးရေနှင့် ၎င်းတို့အိမ်ရှိ မဲပေးခွင့်ရှိသူ ဦးရေတို့အား တိုက်ဆိုင်စစ်ဆေးခြင်း၊ ကွင်းဆင်းစိစစ်သည့် အိမ်ထောင်စုတွင် မဲပေးပိုင်ခွင့်ရှိသူဖြစ်ပါလျက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးကြောင်း စစ်ဆေးတွေ့ရှိပါက မဲစာရင်းတွင်ထည့်သွင်းနိုင်ရေး ပုံစံ (၃)ဖြင့် တောင်းဆို လျှောက်ထားစေခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ (၄)ဖြင့် ကန့်ကွက်စေပြီး ပယ်ဖျက် နိုင်ရေးဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်တစ်ဦး၏ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ရေး ဆောင်ရွက်စေခြင်း၊ မဲစာရင်းပါအချက်အလက်များအား စိစစ်ပြီးပါက ပြုစုထားသည့် မဲစာရင်း၏ ဘေးကွက်လပ်တွင် အိမ်ထောင်စု ကိုယ်စားလှယ်တစ်ဦး က မှန်ကန်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း ပထမအကြိမ်မဲစာရင်းထုတ်ပြန်ကြေညာချက်အရ မဲပေးပိုင်ခွင့်ရှိသူ (၂၇၀၂၇) ဦးရှိပြီး လိုအပ်သောပုံစံများနှင့်အတူ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက်မဲစာရင်း ကောက်ယူခြင်း ဆောင်ရွက်နေမှုအား မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဌေးညွန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က မဲစာရင်းကောက်ယူရေး အဖွဲ့ဝင်များ လိုက်လံစစ်ဆေးဆောင်ရွက်နေ့မှုအား လှည့်လည်ကြည်ရှုခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)