ပန်ဆိုင်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မူဆယ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ ဝက်မွေးမြူရေးသင်တန်းနှင့် သိုး၊ ဆိတ် မွေးမြူရေး သင်တန်းကို ပန်ဆိုင်း(ကြူကုတ်) မြို့၊ အလက(ခွဲ)ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက် ရှိသည်။
အဆိုပါ သင်တန်းတွင် မူဆယ်မြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစန္ဒာကြည် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည် က ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် ကျေးရွာအုပ်စုများတွင် သင်တန်းဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူတင်ကြောင်း ပြန်လည်ပြောကြား သည်။ ဆက်လက်ပြီး သင်တန်းသား/သူများက သိရှိလိုသည်များကို မေးမြန်းပြီး အပြန်အလှန် ဆွေးနွေးသည်။
ယခု (CERP)အရ ဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း၊ မေထုန်မဲ့သားစပ် သင်တန်း၊ ကျွဲနွားမွေးမြူထုတ်လုပ်သင်တန်း၊ ဝက်မွေးမြူရေး ထုတ်လုပ်သင်တန်း(သို့) ဆိတ်မွေးမြူ ထုတ်လုပ်သင်တန်း၊ ကြက်မွေးမြူထုတ်လုပ်သင်တန်း စုစုပေါင်း ပညာပေးသင်တန်း (၆)မျိုးကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၆)ရက်နေ့မှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး စက်တင်ဘာလ၊ ပထမသီတင်းပတ်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)