မိုင်းရှူး ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် တို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်း နယ်မြေစစ်ဆေးမှု လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပရဟိတအသင်း အဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားရန်၊ ဈေးများ၊ စားသောက်ဆိုင် များ၊ လူစည်ကားရာနေရာနှင့် လမ်းဆုံများတွင် နှာခေါင်းစည်း တပ်ဆင်မှုများကို ရှောင်တခင်ပြန်လည် စစ်ဆေးသွားရန် လိုအပ်ကြောင်းနှင့် ပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာနိုင်ရေးအတွက် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)