မိုးမိတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် ၂ နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းလွင် က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုတွင် လိုအပ်ချက်များ ရှိသည်ဖြစ်ရာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကြေငြာရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပထမအကြိမ် မဲစာရင်းလိုအပ်ချက်များ ထပ်မံမဖြစ်ပေါ်ရေးနှင့် လိုအပ်ချက်များအပေါ် ပိုမိုပြည့်စုံစေရေး၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းမှုမရှိအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မြစံပယ် က ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထားရှိသည့် ကာလအတွင်း မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်လျှက်ရှိရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရစ်မှု မရှိစေရေးအတွက် ဆောင်ရွက်မှုများအပေါ် ဆွေးနွေးပြောကြားခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့အထိ ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းသူ (၈၉၃) ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ (၆၂၅)ဦး၊ ပုံစံ(၄)ဂနှင့် ပြင်ဆင်သူ (၁၁၁) ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းလွင် က ပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)