နမ့်ခမ်း မတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာနမှ ကျင်းပဖွင့်လှစ်သည့် အမှတ်စဉ်(၁/၂၀၂၀) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း ၉နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန ခန်းမ၌ ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က တက်ရောက်အမှာစကားပြောကြားရာမှာ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်များ ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်တို့မှ ကာကွယ်တားဆီးရန်အပြင် နိုင်ငံတော်အတွက် အရေးကြုံလာပါက လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် တပ်ဖွဲ့နည်းတူ အရန် မီးသတ်တပ်ဖွဲ့များကိုပါ မီးသတ်ပညာရပ်၊ အသက်ကယ်ဆယ်ရေးပညာရပ်နှင့် စစ်ပညာရပ် များကိုလည်း စွမ်းရည်ပြည့်ဝစေရန် လိုအပ်ကြောင်း၊ သင်တန်းကို မတ်လ ၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်တန်းကာလ(၂၀)ရက်ကြာ၊ သင်တန်း(၅၀)ဦး သင်ကြားပို့ချ သွားမည်ဖြစ်ပြီး စည်းကမ်းပြည့်ဝစွာဖြင့် စာတွေ့/လက်တွေ့များ လေ့ကျင့်သင်ကြားသွားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းတို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ယူနီဖောင်းဝတ်စုံများပေးအပ်ပြီး သင်တန်းဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ကြောင်း သတင်းရရှိပါသည်။
ဘဦး(ပြန်/ဆက်)