တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပင်လောင်း မတ် ၃

စာစစ်ဌာနအလိုက် လုံခြုံရေး၊ မီးဘေးထိတ်လန့်မှုများမဖြစ်ပေါ်စေရေး၊ အဖျက်အမှောက်လုပ်ငန်းနှင့် မသမာမှုများ မဖြစ်ပေါ်စေရေး(အထူးဂရုပြုဆောင်ရွက်ရန်)၊ ပတ်ဝန်းကျင်ဆူညံမှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက် သွားရန်နှင့် အဖြေလွှာများ ပေးပို့ရာတွင် အချိန်မီလုံခြုံစွာ ပေးပို့နိုင်ရေး ကူညီဆောင်ရွက်ရန် လုပ်ငန်းတာဝန်များဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထိန်ဝင်း က မြို့နယ် အတွင်းဖွင့်လှစ်ထားရှိမည့် စာစစ်ဌာနများ၏ အခြေအနေနှင့် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ဆောင်ရွက် ရမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၀ ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၂၉၈ ဦးရှိကြောင်း သိရသည်။

ထွန်းလင်း