ဟားခါး၌ ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသူများ၏ (ပထမ)အကြိမ်မြောက် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ဟားခါး    မတ်      ၃

ချင်းပြည်နယ် ဟားခါးမြို့ သားဖွားသင်တန်းကျောင်း၏ ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်းသူများ၏ (ပထမ)အကြိမ်မြောက် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်း သင်တန်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်က သားဖွားဒီပလိုမာသင်တန်း အောင်မြင်ပြီးပါက ပြည်သူတွေ အကျိုးသယ်ပိုးရင်း ပညာရပ်ဆိုင်ရာမှာ အမျိုးသမီး ကျန်းမာရေး ဆရာမသင်တန်းများ၊ သူနာပြုသိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့အထိ ဆက်လက်တက်လှမ်းနိုင်ဖို့ အခွင့်အရေးတွေ ရရှိနိုင်မှာဖြစ်ပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကို လည်း စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ လေ့လာ၍ ကျွမ်းကျင်သော သားဖွားဆရာမများ ဖြစ်လာစေရန် ကြိုးစားရန်လိုကြောင်း၊ ပြည်သူများ၏ မျှော်မှန်းချက် သက်တမ်းတိုးမြင့်လာရေးအတွက် ရည်မှန်းချက်ထား လုပ်ဆောင်ရာတွင် (၁)နှစ်အောက် ကလေးသေဆုံးနှုန်း၊ (၅) နှစ်အောက်ကလေး သေဆုံးနှုန်း၊ မိခင်နှင့်ကလေး သေဆုံးနှုန်း လျှော့ချရေး လုပ်ငန်းများ၊ သက်တမ်းမစေ့မီ သေဆုံးနိုင်သော ကူးစက်ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများကို ကာကွယ်ကုသရေးတို့အတွက် ပညာပေးလုပ်ငန်းများ၊ ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများ၊ ရောဂါရှာဖွေရေးနှင့် ကုသရေး လုပ်ငန်းများ ၊ ပြည်လည်ထူထောင်ရေး လုပ်ငန်းတို့ကို အမျိုးသားရေးအသွင်နှင့် ပါဝင်ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် သူနာပြု၊ သားဖွားဆရာမများအနေဖြင့် ရည်မှန်းချက်ပြည့်မီအောင် ကြိုးစားရန် တာဝန်ရှိကြောင်း အဖွင့်အမှာ စကား ပြောကြားသည်။                                                           

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကား ပြောကြားပြီးနောက် ဟားခါးမြို့ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမြင့်က ဦးဆောင်းအပ်နှင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်အွမ်အွယ်နှင့် တာဝန်ရှိသူများ၊ ဟားခါးမြို့ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမကြီးများက ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်း ပထမ နှစ်သင်တန်းသူများ အား ဦးဆောင်းအပ်နှင်းပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းသူများအား လက်ဆင့်ကမ်း ဆီမီးတိုင် ထွန်းညှိခြင်းနှင့် သူနာပြု သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းတွင် ပညာရည်ချွန်ဆုရရှိသည့် သင်တန်းသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းသူများ၏(ပထမ)အကြိမ်မြောက် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှအရာထမ်းများ၊ ဟားခါးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ကြီးများ၊ ဆရာဝန်များ၊ သူနာပြုဆရာမကြီးများနှင့် သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)