မိုးနဲမြို့၌ ပထမအကြိမ် ရှမ်းပုရပိုက်စာပေကွန်ဖရင့် ကျင်းပ

မိုးနဲ မတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် ဝိဇ္ဇာရိယကျောင်းတိုက် ဆရာတော်၏ ကြီးကြပ်မှုဖြင့် ပထမအကြိမ် ရှမ်းပုရပိုက်စာပေကွန်ဖရင့်ကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နာဟောင်ရပ်ကွက် ဆုတောင်း ပြည့်ဘုန်းတော်ကြီးကျောင်း တိုက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဝိဇ္ဇာရိယ ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ ထံမှ ဩဝါဒခံယူခဲ့ကြပြီး ရှမ်းစာပေပုရပိုက်ကြီးမှ တရားတော်များ ၊ စာပေရေးသားမှုများ ၊ ယဉ်ကျေးမှု တိုးတက်မြင့်မား‌ရေး ၊ ဝေါဟာရ ဆိုင်ရာ ဆိုလိုရင်း အသုံးအနှုန်း ‌စသည့်‌ ကောက်နုတ်ချက်များကို အကျဉ်းချုံးကာ ယနေ့အထိ စာတမ်း ၁၁ စောင်ကို ဖတ်ကြား တင်ပြခဲ့ပြီး ရှမ်းစာရေးဆရာများအား ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ် ခဲ့ကြသည်။

အဆိုပါ ကွန်ဖရင့်ကို ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တရားစာပေ မပပျောက်စေရေး ၊ ရှမ်းစာပေဝေါဟာရ မပပျောက်စေရေး ၊ ယဉ်ကျေးမှုပြန့်ပွားရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း မိုးနဲမြို့ (၁၂)ပါး ဒေဝီ ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တဂန္ဓမာ၏ မြွက်ကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)