ရှမ်းပြည်နယ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး မိုင်းဖြတ်မြို့နယ်ရှိ ကျေးရွာပြည်သူလူထုတို့နှင့် တွေ့ဆုံ၊ ကျေးလက်စကားဝိုင်း ပြုလုပ်

မိုင်းဖြတ် မတ် ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျေးလက်ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်စကားဝိုင်း ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဝန်ကြီးက ပြည်သူများအတွက် လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ ကျေးလက်နေပြည်သူများ စာပေအသိ ပညာ တတ်မြောက်ရန်လိုအပ်ကြောင်း၊ သားသမီးများ ပညာတတ်ဖြစ်လာစေရန် အားပေးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လူနေမှုအဆင့်အတန်းမြင့်မား လာစေရန် အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ညီညွတ်စွာပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကျေးလက်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျေးလက်ပြည်သူများနှင့် ရပ်မိရပ်ဖများက မိမိတို့ ဒေသအတွင်း လိုအပ်လျက်ရှိနေသော သောက်ရေ၊ သုံးရေများ၊ လျှပ်စစ်မီးနှင့် လမ်းတံတားများကို ဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနှင့်တာဝန်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ပြန်လည် ပေါင်းစပ်ညှိနိုင်း ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ပြည်နယ် ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများအတွက် အမှန်တကယ် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အသိပညာ အတတ်ပညာများကို အားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစား ညီညွတ်စွာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ထိန်းသိမ်း ဆောင်ရွက်ကြရန် အားပေးတိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ကျေးလက်စကားဝိုင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးစိုင်းကျောက်၊ ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နမ့်ကုန်းကျေးရွာအုပ်စုအတွင်းရှိ နမ့်ကုန်း၊ ပါဆန်း၊ ခတ်တန်၊ ဟောင်ဟင်၊ ဖွေးဟုန်း ကျေးရွာများနှင့် နမ့်လောက် ကျေးရွာအုပ်စု အတွင်းရှိ နမ့်လောက်၊ ဝမ်ဆာကျေးရွာများမှ ကျေးလက်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှောလမွန်( ပြန်/ဆက်)