မြောင်းမြမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

မြောင်းမြ  သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကိုလူစည်ကားနေရာဖြစ်သည့် မြို့မဈေးကြီးရှေ့ ၊ ၇ လမ်း၊ ဦးဘချိုရင်ပြင်၊ ၁၂ လမ်းလမ်းဆုံ၊ ကွယ်လွယ်မြို့အဝင်ဂိတ်နှင့် လပွတ္တာမြို့အထွက် လမ်းဆုံတို့တွင် အဖွဲ့ ၄ ဖွဲ့ခွဲ၍ ယနေ့နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီ အဖွဲ့များက ကိုဗစ်-၁၉ မဖြစ်ပွားရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုနောက် ကိုဗစ်-၁၉ မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်ပြည်သူများအနေဖြင့် လူစုလူဝေး နေရာများကို ရှောင်ကြဉ်ကြပါ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာကြဖို့ အသိပညာပေးအနေဖြင့် Mask Campaign ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်"ဟု  မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး  ဦးကျော်ဆွေက ဆက်လက်ပြောကြားသည်။    

မြောင်းမြမြို့ပေါ်နှင့် မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်မှုများနှင့်အညီ နေထိုင်သွားလာစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မင်း(ပြန်/ဆက်)