ကန်ကြီးထောင့် ဩဂုတ် ၂၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပြည်သူများ ရောဂါကာကွယ်ရေး အသိသတိအမြဲ ရှိနေစေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ နံနက် ၉ နာရီတွင် လူစည်ကားရာ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့မဈေးရှေ့ရှိ ဆိုင်ကယ် Taxi ယာဉ်မောင်းများ၊ အနှေးယာဉ် လုပ်သားများနှင့် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာကြရန် အသိပညာပေး ပြောကြားခြင်း များကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် အသိပေးကြေညာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)