ငါ့သရောက် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးမိုးမှဦးစီးပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းပြီး စာဖက်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ဆန်းဆန်းမြင့်က စာရေးဆရာ မောင်သာမည ရေးသားသော "အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ချင်း" စာအုပ်မှ အောင်မြင်သူနှင့် ရှုံးနိမ့်သူဟူသော စကားလုံးတို့တွင် အနက်အဓိပ္ပာယ်များစွာရှိပြီး အောင်မြင်သူဟု ရည်ညွှန်းရာတွင် တစ်စုံတစ်ယောက်ကို ရှုံးနိမ့်အောင်လုပ်သူဟု ဆိုလိုသည်မဟုတ် အောင်မြင်သူဟူသည် သီးခြား လူတစ်ယောက်အနေနှင့်သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းဝင် တစ်ယောက်အနေနှင့် သော်လည်းကောင်း၊ ယုံကြည်စိတ်ချရခြင်း၊ ဂရုဓမ္မပြုတတ်ခြင်း၊ ပကတိစစ်မှန်ခြင်းတို့ဖြင့် အရိုးခံအတိုင်း တုံ့ပြန်ဆက်ဆံတတ်သူဖြစ်ပြီး ရှုံးနိမ့်သူမှာ အရိုးခံအတိုင်း တုံ့ပြန်ဆက်ဆံခြင်းငှာ မစွမ်းသူကို ခေါ်ဆိုးခြင်းသာဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြပေးပြီး အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါ်နေဇင်မြင့်မှ ထိုစာအုပ်မှ ခေါင်းစဉ်(၂၇)ခုထဲမှ ခေါင်းစဉ်တစ်ခုဖြစ်သော "မိုက်ရူးရဲဆန်ခြင်း၊ သူရဲဘောကြောင်ခြင်းနှင့် သူရသတ္တိ" ခေါင်းစဥ်မှ သူရသတ္တိကား အမှားအမှန် ပိုင်းခြားသိမြင်မှုပညာမှ လာပုံ၊ မိုက်ရူးရဲ ဆန်ခြင်းကား ပညာမဲ့ခြင်းမှလာပုံ၊ သူရဲဘောကြောင်ခြင်းကား ကြောက်ရွံ့စိတ်ကို အညံ့ခံလိုက်ခြင်းမှ လာပုံ စသည့်ဂုဏ်ရည်သုံးခုကို လူတိုင်းလိုလို ရောထွေးနေတတ်ပုံကိုရှင်းပြခဲ့ကြောင်းသိရသည်။
ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့များသည် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသမှုကို ကြည့်ရူးလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးဝေ (ပြန်/ဆက်)