မိုင်းယောင်း ဩဂုတ် ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာမြို့မဈေးတွင် ယနေ့နံနက်ပိုင်း က ဈေးရောင်း/ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း နှာခေါင်းစည်းများတပ်ဆင်ပြီး ဈေးရောင်း/ဈေးဝယ်မှု ရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းညို၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာနှင့် တာဝန်ရှိသူများက ဈေးရောင်းဈေးဝယ်လာ ပြည်သူများအား ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်အိတ်နှင့်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်းများကို ဈေးအဝင်ပေါက်ဝ၌ ကြပ်မတ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဈေးအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လက်အိတ်၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးပြောကြားပြီး နှာခေါင်းစည်းများ အခမဲ့ ပေးဝေတပ်ဆင်စေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း