ကွမ်းလုံ သြဂုတ် ၂၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာရန် ကွမ်းလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ယနေ့ နံနက်(၈)နာရီ က လွတ်လပ်ရေးကျောက်တိုင်အနီး၊ ပြည်ထောင်စုလမ်းမနှင့် ကွမ်းလုံမြို့မစျေးရှေ့၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံကြားတွင် ဖြတ်သန်းသွားလာသည့် မြို့ဖြစ်ရာ တရုတ်-မြန်မာသို့ ကူးလူးသွားလာနေသော မော်တော်ယာဉ်များ၊ ခရီးသည်တင် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများနှင့် လမ်းပေါ်သွားလာနေသော ဒေသခံပြည်သူများအား အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားရန်၊ မလိုအပ်ဘဲ လူစုလူဝေး မလုပ်ကြရန်၊ လူစုလူဝေးရှိသည့်နေရာများ မလိုအပ်ဘဲ မသွားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို အသိပညာပေး ဆောင်ရွက်ကာ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)