ဟိုင်းကြီးကျွန်း၌ မြို့ရှောင်လမ်းမြေသားများ ရေတိုက်စား၍ အချိန်မီပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်

ဟိုင်းကြီးကျွန်း  ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့ကို ဖြတ်ကျော် တည်ဆောက်ထားသော မြို့ရှောင်လမ်း၏ ကွန်ကရစ်ခင်းထားသော လမ်းအောက်ဖက်မြေသားများ ရေတိုက်စား၍ ပြိုကျမှုများ တဖြည်းဖြည်းများလာခြင်းကြောင့် ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင်၍ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ စည်ပင်သာယာရေးဝန်ထမ်းများဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် စတင်ကာ အချိန်မီပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းသိရသည်။

လမ်း၏အောက်ခံမြေသားမှာ ရွှံ့မြေဖြစ်ပြီး ကြွက်များ၊ ကဏန်းများနှင့် တခြားရေနေ သတ္တဝါများ၏ တူးဖောက်မှုများကြောင့် ဖြစ်ပေါ်လာသည့် မြေခေါင်းအတွင်းရေများ ဝင်ရောက်စီးဆင်းရာက တဖြည်းဖြည်း အပေါက် ကျယ်လာကာ လမ်း၏အောက်ဖက် တွင် ကန့်လန့်ဖြတ်ရေစီးကြောင်းနှင့်အတူ မြေသားပြိုကျမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း” အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ မြို့ရှောင်လမ်းမှာ ဟိုင်းကြီးကျွန်းမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်က လာရောက်ကြသည့် အများပြည်သူတို့ နေ့ညအဓိက ထားအသုံးပြုသော လမ်းတစ်လမ်းဖြစ်သည်။ လမ်းဘေး ဝဲ/ယာ မြေသားပြိုကျမှုကို အချိန်မီ ထိန်းသိမ်းခြင်းလုပ်ငန်းများ ကိုကြိုတင်ဆောင်ရွက်နိုင်မှုမရှိပါက ကွန်ကရစ်လမ်းပိုင်း တချို့ပြိုကျသွားနိုင်ပြီး သွားလာရေး အတွက် အခက်အခဲများဖြစ်ပေါ်လာမည်ဖြစ်ကြောင်းသိရသည်။

ကျော်သူဟိန်း(ပြန်/ဆက်)