မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် MASK တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်

မိုင်းဆတ် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့ မိုင်းဆတ်မြို့မှာ အခုထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာမရှိသေးတာ ဝမ်းသာစရာပါ၊ နောက်လဲ အခုလို ဆက်ထိန်းထားနိုင်အောင် ဒေသခံပြည်သူတွေအားလုံး အပြင်ထွက်တိုင်း MASK တပ်ဆင်သွားလာဖို့နဲ့ လူစုလူဝေးတွေ ရှောင်ကျဉ်ဖို့လိုပါတယ်၊ တာဝန်ရှိသူတွေကလည်း MASK တပ်ဆင်သွားလာဖို့နေ့စဉ် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာ ကောင်းပါတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေနဲ့ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနဲ့  ကပ်ရောဂါအသွင်ဖြစ်ပွားနေတဲ့ ဆုံဆို့နာရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့ MASK တပ်ဆင်သွားလာဖို့ ပညာပေးဆောင်ရွက် နေတာပါ၊ MASK တပ်ဆင်သွားလာခြင်း မရှိသူတွေကို MASK ဝယ်ခိုင်းပြီး ဒဏ်ပေးစနစ်ဆောင်ရွက် တာကလည်း ဒေသခံပြည်သူတွေ  အပြင်ထွက်တိုင်း MASK တပ်ဆင်သွားလာတဲ့ အလေ့အကျင့် တစ်ခုရအောင် ဆောင်ရွက်ရတာပါ၊ ဒေသခံပြည်သူအများစုကတော့ MASK တပ်ဆင်ပြီး သွားလာနေတာတွေ့ရပါတယ်ဟု မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူ က ပြောသည်။

အသိပညာပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး  ဦးဆောင်သောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက MASK တပ်ဆင်သွားလာခြင်း မရှိသူ (၆)ဦးအား MASK (၁၀)ခု ဝယ်ယူစေ၍ (၅)ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လှူဒါန်းစေပြီး ကျန်(၅)ခုအနက် တစ်ခုကို တစ်ပါတည်းတပ်ဆင်ပြီးမှသာ လိုရာခရီး ဆက်သွားခွင့် ပြုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)